International News

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ဂျပန်၏ အနာဂတ် Yellowtail ငါးတင်ပို့မှုအခြေအနေကို စမ်းသပ်လျှက်ရှိ

Last Updated:

နိုင်ငံတကာတွင် ဂျပန်ဟင်းလျာများ လူကြိုက်များလာသည်နှင့်အညီ ဂျပန်၏ Yellowtail ငါးအမျိုးအစား တင်ပို့မှုသည် ကိုရိုနာကပ်ရောဂါ မပြန့်ပွားမီအထိ မြင့်တက်ခဲ့ကြောင်း တွေ့ရပါ သည်။

နိုင်ငံခြားတိုင်းပြည်များရှိ ဂျပန်စားသောက်ဆိုင်များ၏ ဝယ်လိုအားလျော့ကျလာသည်ကို တွေ့ရကြောင်း အဆိုပါ ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူ များကဆိုပါသည်။ Yellowtail သည် ဂျပန် နိုင်ငံတွင် ရေပန်းစားသည့် ငါးတစ်မျိုးဖြစ်ပြီး အဆိုပါငါးကိုပြုတ်ကာ ပဲငံပြာရည်ဖြင့်တွဲဖက်၍ သော်လည်းကောင်း၊ ဆူရှီနှင့်ငါးအသားလွှာများ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုစားသောက် လေ့ရှိပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ဂျပန်စတိုင်လ်စားသောက်ဆိုင်များအတွက် အထူးဦးစားပေး တင်ပို့နေရသည့် ဂျပန်အစိုးရ၏ ပို့ကုန်တစ်မျိုးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဂျပန်၏ စိုက်ပျိုးရေး နှင့် ရေထွက်ပို့ကုန်တင်ပို့မှုစာရင်းတွင် အဆင့် (၇) ရှိသည့် တန်ဖိုးအများဆုံး ပို့ကုန်တစ်ခုဖြစ် ကြောင်း သိရပါသည်။

၂၀၁၉ ခုနှစ်အတွင်း Yellowtail ငါးတင်ပို့မှုမှာ စုစုပေါင်း ယန်း ၂၂.၉ ဘီလီယံရှိပြီး အမေရိကန်ဒေါ်လာအားဖြင့် ၂၁၆ သန်းရှိပါကြောင်း၊ ၂၀၀၉ ခုနှစ်က တင်ပို့မှုတန်ဖိုး ယန်း ၅.၅ သန်းရှိခဲ့သည့်အတွက် ၅ ဆခန့် မြင့်တက်လာခဲ့ကြောင်း ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရပါသည်။

ဂျပန်နိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတမ်းဒေသတစ်လျှောက်ရှိ မီရာဇာကီစီရင်စုသည် Kuroshio ရေစီးကြောင်းတည်ရှိသည့် နေရာတစ်ခုဖြစ်ပြီး အဆိုပါ Yellowtail ငါးများစွာ ဖမ်းယူ ရရှိသည့် အဓိကနေရာတစ်ခုဖြစ်ပါသည်။ Yellowtail ငါးများကို ဆောင်းရာသီတွင် ဖမ်းယူတင်ပို့ ခြင်းသည် အသင့်တော်ဆုံးဖြစ်ပြီး နွေရာသီ၌လည်း ဖမ်းယူတင်ပို့လျှက်ရှိ ပါကြောင်းဟု Kurose Suisan Co. ၏ စီမံကိန်း လက်ထောက်မန်နေဂျာ Hiroto Kubota ကဆိုပါသည်။ အဆိုပါ Kurose Suisan Co. ကဲ့သို့ အခြားသော ငါးဖမ်းကုမ္ပဏီများသည်လည်း yellowtail ငါးတင်ပို့မှုကို မြှင့်တင် ရန် ကြိုးပမ်းနေကြပါသည်။

ကာဂိုရှီးမား စီရင်စုရှိ Azuma-Cho Fishery Cooperative သည် traceability system ကို အသုံးပြုမိတ်ဆက်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ yellowtail ငါးတင်ပို့မှုကို ချဲ့ထွင်နေပါသည်။

အဆိုပါကုမ္ပဏီသည် ဥရောပသမဂ္ဂသို့ ၂၀၀၃ ခုနှစ်ကတည်း စတင် တင်ပို့နေခဲ့ပြီး နောက် ၅ နှစ်အကြာတွင် နိုင်ငံတကာစံသတ်မှတ်ချက်ဖြစ်သည့် Hazard Analysis and Critical Control Point certification (HACCP) အသိအမှတ်ပြုလက်မှတ်ကို ပထမဦးဆုံး ရရှိခဲ့သည့် ဂျပန် ကုမ္ပဏီဖြစ်ပါသည်။

အလားတူပင် အဲဟိမဲစီရင်စုမှ ငါးဖမ်းလုပ်ငန်းသမဝါယမအစုအဖွဲ့သည် ဂျပန်၏ yellowtail ငါးများကို တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားစျေးကွက်များသို့ တင်ပို့ချဲ့ထွင်ခဲ့ ကြောင်း သိရပါသည်။ သို့သော်ငြားလည်း လက်ရှိရင်ဆိုင်နေရသည့် ကိုရိုနာကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ဂျပန်၏ yellowtail ငါးတင်ပို့မှု ကျဆင်းခဲ့ပြီး ကုန်ပစ္စည်းများ ပြည်တွင်း၌ စုပုံနေပြီး စျေးနှုန်းပါ ကျဆင်းလာခဲ့ပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်များမှ စားသုံးသူလိုအပ်ချက်များ မြင့်တက်လာမှသာ မိမိတို့၏ yellowtail တင်ပို့မှု မြင့်တက်လာမည်ဖြစ်ကြောင်း၊ လက်ရှိ တွင် ၎င်တို့အနေဖြင့် ငါးကို လတ်လတ်ဆတ်လတ်တင်ပို့နေခြင်းဖြစ်သဖြင့် အနာဂတ်တွင် အေးခဲပြီးတင်ပို့နိုင်ရန် အခြားသောရင်းနှီးမြှုပ်နှံမှု နည်းလမ်းများကို ထည့်သွင်းစဉ်းစားသင့်ပြီ ဖြစ်ကြောင်း အိုးအိတစီရင်စု၊ ဆုကုမိမြို့ရှိ ငါးဖမ်းကုမ္ပဏီတစ်ခုဖြစ်သည့် Hyoshoku Co., မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ 

 

မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နို်ငငံ

Category: International News